Thursday, September 20, 2018








"ဒကာကြီး...
- အမှားလုပ်နေတာကို မှားမှန်းမသိဘဲ ဆက်လုပ်နေသူဟာ လူမိုက်၊
- အမှားကို မှားမှန်းသိလို အမှန်ပြင်လာသူဟာ လူလိမ်မာ
- သူများအမှားကိုကြည့်ပြီး ငါ့ကျဒါမျိုးမမှားစေရဘူး ဆိုတဲ့လူက ပညာရှိ။

သူများအမှားဟာ သင်္ခန်းစာ ယူရမှာသာဖြစ်တယ်၊ ကဲ့ရဲ့ရှုတ်ချ အပြစ်တင်စရာ မလိုဘူး ဒကာကြီး''

စစ်ကိုင်းဖက် ရောက်တုန်းက ဆရာတော်တစ်ပါး အမှတ်မထင် ဆုံးမလိုက်တဲ့ တရားလေးပါ
.

အဆောက်အဦးတွေ ပြိုကျရခြင်းရဲ့ အဓိက အကြောင်းရင်းက ၃ ချက် ရှိပါတယ် (ဒါ ကျနော့်ယုံကြည်ထားတဲ့ ယူဆချက်ပါ)... ...
1. Structural design တွက်ချက်မှု မှားယွင်းခြင်း
2. တည်ဆောက်မှု မှားယွင်းခြင်း
3. သဘာဝဘေးဒဏ်.. တို့ ဖြစ်ပါတယ်။

နံပတ် ၁ အချက်ဖြစ်တဲ့ တွက်ချက်မှုမှားယွင်းခြင်းကတော့ ဖြစ်ခဲပါတယ်။
ခုခေတ်လို ကွန်ပြူတာဆော့ဝဲတွေ မထွက်ခင်ကတော့ လက်တွက်နဲ့ပဲ ချွေးပြန်အောင် တွက်ခဲ့ကြရတယ်။
အဲဒီတုန်းကတော့ လူကြောင့်ဖြစ်တဲ့ တွက်ချက်မှုအမှားတွေ ရှိတယ်။
နည်းပညာတွေ မြင့်လာတော့ ကွန်ပြူတာကပဲ လူ့ကိုယ်စား တွက်ပေးလာတယ်။
အမှား အလွန်နည်းလာတယ်။

တစ်ခုပဲ ပြောစရာရှိတယ်...
ကွန်ပြူတာဆော့ဝဲကို လိုင်စင်ပါတဲ့ဟာ မဝယ်နိုင်တာက အဓိက စိန်ခေါ်မှု ဖြစ်နေတယ်။

လိုင်စင်ဗားရှင်းက စျေးအလွန်ကြီးတာကိုး။
ဒီတော့...
မြန်မာပြည်က အင်ဂျင်နီယာ အများစုဟာ crack ဖြည်ထားတဲ့ ဆော့ဝဲတွေကိုသာ သုံးကြရတယ်။
ဆော့ဝဲရဲ့တွက်ချက်မှုအဖြေ မှန် မမှန် အာမခံချက် မရှိဘူး။
မသင်္ကာတဲ့ အဖြေဖြစ်နေရင် လက်တွက်နဲ့ ပြန်စစ်ကြရတာမျိုးတွေ ရှိတယ်။

တွက်ချက်မှုကဖြစ်တဲ့ အမှားကို ရှောင်ဖို့ဆိုရင် Etabs လို၊ Staad pro လို၊ Safe လို ဆော့ဝဲတွေကို လိုင်စင်ပါတဲ့ ဗာရှင်းကို ပိုက်ဆံပေးပြီး ဝယ်သုံးကြရပါမယ်။

Structure နဲ့ ပတ်သက်တဲ့ သင်တန်းတွေလည်း နေရာအနှံ ့ဖွင့်လာကြတာ တွေ့နေရပါတယ်။
Structure သင်တန်းတွေတက်ကြတာ
ကောင်းပါတယ်။
ဒါနဲ့ပတ်သက်ပြီး မျိုးဆက်သစ်တို့ကို မှာချင်တာ ရှိပါတယ်။

"သင်တန်းတက်ပြီးရုံနဲ့၊ သင်တန်းဆင်းလက်မှတ် ရရုံနဲ့ ရပ်မနေဘဲ နီးစပ်ရာ အတွေ့အကြုံရှိတဲ့ စီနီယာတို့ထံ ပညာဆက်လက် သင်ကြပါ''... လို့။

ဆော့ဝဲတွေဟာ သင်တန်းက သင်ပေးလိုက်တာလေးနဲ့ မလုံလောက်ပါဘူး။
ထပ်ပြီး လေ့လာရမယ့်အပိုင်းတွေ၊ သင်ယူရမယ့်အပိုင်းတွေ အများကြီး ရှိနေပါတယ်။

ကျနော့်ဆို Etabs ကို ဆရာ ၃ ယောက်ဆီမှာ သင်ယူခဲ့ပါတယ်။
သင်တန်းပေး ဗီဒီယိုခွေတွေလည်း ဝယ်ကြည့်ဖြစ်တယ်။
မသိတာတွေက များနေတယ်။
သင်ယူလို့ မဆုံး ရှိနေတာကို တွေ့ရပါတယ်။
အယူအဆတွေ တွေးခေါ်ပုံတွေ စနစ်တွေ အရမ်းများပါတယ်။
ကိုယ်သင်ယူရင် သင်ယူသလောက် ကျယ်ပြန့်နေတာကို သတိထားမိတယ်။

ဆော့ဝဲကတော့ သူထဲကို ထည့်ပေးတဲ့ data နဲ့ လျှော်ညီတဲ့ အဖြေကို ထုတ်ပေးမှာပါ။
ဒါပေမယ့် ကိုယ်ပေးလိုက်တဲ့ data တွေက မှန်ရဲ့လား... ဆိုတာ စမ်းစစ်ကြပါ။

လေ့လာရမှာ အများကြီးမို့ သင်တန်းဆင်းရုံနဲ့ ကျေနပ်မနေကြဖို့ တိုက်တွန်းပါရစေ။
.

နံပတ် ၂ အချက်၊ တည်ဆောက်မှုမှားယွင်းခြင်းကတော့ အဖြစ်များတယ်။
ဖြစ်ရတဲ့ အကြောင်း များစွာ ရှိပါတယ်...
- တွက်ချက်မှု ပုံစံအတိုင်း မတည်ဆောက်ခြင်း
- ပစ္စည်းအရည်အသွေး မပြည့်မီခြင်း
- ပစ္စည်း ပမာဏ လျှော့ချတည်ဆောက်ခြင်း
- အင်/ယာ နှင့် လုပ်သားများ ကျွမ်းကျင်မှု လိုအပ်ခြင်း
- စက်ယန္တရား မရှိခြင်း
- တည်ဆောက်မှု နည်းပညာ ခေတ်မမှီခြင်း
- စီမံခန့်ခွဲမှု ည့ံခြင်း... နှင့် တခြား အချက်တွေများစွာ ဖြစ်ပါတယ်။

အဲ့လို အချက်များစွာထဲက တစ်ကြောင်းကြောင်းကြောင့်ဖြစ်စေ၊ အကြောင်းအချက်အချို့ကြောင့်ဖြစ်စေ အဆောက်အဦးတစ်လုံး၊ တံတားတစ်စင်း ပြိုကျတဲ့အခါ... ပြစ်တင်စွတ်စွဲခံရမှုကတော့ တစ်ခုတည်းပဲ ဖြစ်နေတယ်။

ဘာအကြောင်းကြောင့်ပြိုပြို... ...
"အင်ဂျင်နီယာ ခိုးလို့''... ပဲ။

စွတ်စွဲသူတို့ကိုလည်း အပြစ်မတင်လိုပါ။
ကိုယ်ထင်ရာ ကိုယ်မြင်ရာ ကိုယ်ပြောကြတာကိုး။

ထားပါတော့...
အဓိက ပြောချင်တာက... ...
တနေ့က ပြိုကျတဲ့ မန္တလေးစက်မှုဇုံက အဆောက်အဦးလေး အကြောင်းပါ။

ကျနော်တာဝန်ယူတည်ဆောက်ပေးနေတဲ့ ၄ ထပ် ဆေးရုံရဲ့ ပထမထပ် ကြမ်းခင်း မလောင်းခင် ၁ ရက်အလိုမှာ...
အဲ့ဒီ စက်မှုဇုံက အဆောက်အဦးလေး ကွန်ကရစ်လောင်းနေဆဲ ပြိုကျသွားတာ။
ကျနော်လည်း တော်တော် လန့်သွားတယ်။
ကျနော့် ၄ ထပ်ကလည်း steel structure ကိုး။

ဒါနဲ့...
ကိုယ့်အဆောက်အဦးကိုလည်း ဒီဇိုင်းတွက်ချက်မှုတွေ ပြန်စစ်၊ ထောက်ထားတဲ့ ငြမ်းတွေ ပြန်စစ်၊ ချုပ်တန်းတွေ ဒေါက်တိုင်တွေ တိုးသင့်တာတိုးနဲ့ အလုပ်တော်တော် ရှုပ်သွားရပါတယ်။
သူများဖြစ်တော့ ကိုယ်လည်းဖြစ်မှာ စိုးမိတယ်လေ။

ကိုယ့်အဆောက်အဦးကို စိတ်ချပြီ ဆိုတော့မှ ပြိုကျတဲ့ အဆောက်အဦးလေးအကြောင်း လေ့လာဆန်းစစ်မှုလေး လုပ်ကြည့်ဖြစ်တော့တယ်။

- design တွက်ချက်မှု မှားယွင်းလို့လား
- တည်ဆောက်မှု မှားယွင်းလို့လား
... ဆိုတာ ကျနော်ဉာဏ်မီသလောက် သုံးသပ်လို့ရတာလေးတွေကို အများသူငှါ ဆင်ခြင်နိုင်ဖို့ ပြန်လည်မျှဝေလိုလို့ ဒီစာကို ရေးလိုက်ရတာပါ။
ပြိုကျတဲ့ အဆောက်အဦးနဲ့ ပတ်သက်တဲ့သူ လူပုဂ္ဂိုလ်တို့ကို ပြစ်တင်လိုခြင်း၊ ရှုံချလိုခြင်း အလျင်း မရှိပါကြောင်း ကြိုတင် တောင်းပန်အပ်ပါတယ်။

ကျနော့်စာကို ဖတ်မိသူ၊ ကျနော့်ထက် အတွေ့အကြုံနုငယ်သေးသော မျိုးဆက်သစ် အင်ဂျင်နီယာငယ်တို့အတွက် နှမ်းတစ်စေ့မျှသော အသိပညာရရှိတယ်ဆိုရင် ကျေနပ်ပါပြီ။

ပြိုကျတဲ့ အဆောက်အဦးနေရာကို ကျနော်မရောက်ပါ။
ရောက်ခဲ့သူ မိတ်ဆွေအချို့ နဲ့ ဓာတ်ပုံတို့်မှတစ်ဆင့် ရရှိသော အချက်အလက်တို့ကို အခြေပြီး ပြိုကျရခြင်းအကြောင်းကို စဉ်းစား တွက်ချက် သုံးသပ်ကြည့်ထားတာပါ။

အချို့အချက်တွေဟာ... assumptions (ယူဆချက်) များသာ ဖြစ်ပြီး ကွဲလွဲချက် ရှိနိုင်ပါတယ်။

ဆက်ကြရအောင်...

အသုံးပြုထားတဲ့ steel column တွေရဲ့ size က 8''x4'' အရွယ် ဖြစ်ဖို့များမယ်။
တိုင်ဘေးက အုတ်ထိပ် ၄လက်မခွဲနဲ့ နှိုင်းယှဉ်ပြီး ခန့်မှန်းထားတာပါ။
ထားတော့...
သေချာအောင် အဲ့ထက်ကြီးတဲ့ size ဖြစ်တဲ့ 10''x5'' (H-250x125x29.6) နဲ့ တွက်ချက် ကြည့်တယ်

ခန်းပွင့်က...
အလျားဖက်မှာ 15' ရှိပါမယ်
အနံဖက်မှာ 14' ရှိပါမယ်
(စီထားတဲ့ အုတ်အရေအတွက်အရ ခန့်မှန်းထားတာပါ)

ယက်မတွေမှာ main beam ကို တိုင်ဆိုဒ်နဲ့ အတူတူ ထားကြည့်တယ်။
Secondary beam တွေကိုတော့ size တူ (အထူလျော့ H-250x125x25.7 ) နဲ့ လျာထားတွက်ပါတယ်။

တိုင် အရပ် (အမြင့်) က ၁၂ ပေလို့ ယူဆပါတယ်။

ကြမ်းခင်း အသားတင်အထူ ၃ လက်မ။
Deck sheet က လိုင်း ၃ လက်မလို့ ယူဆ ပါတယ်။
(၂'' လိုင်းပါတဲ့ deck sheet က မန္တလေးစျေးကွက်မှာ အလွန်ရှား)

ကွန်ကရစ်လောင်းစဉ် အသုံးပြုသော လူ+စက်ပစ္စည်း အလေးချိန်ကို တစ်ပေပတ်လည် ပေါင် ၂၀ (Live load 20 lb/sq.ft) ထားပါတယ်။

လောင်းနေစဉ်ပြိုကျတာဖြစ်လို့ ကွန်ကရစ်ဂရိတ်ကို မစဉ်းစားပါ။ (မလို)
ငလျင်ဒဏ်ကို ထည့်သွင်းမတွက်ချက်ထားပါ။ (မလို)
လေတိုက်နှုန်းကို ထည့်သွင်းတွက်ချက်မထားပါ။ (မလို)

Boom pump က ကျလာတဲ့ ကွန်ကရစ်ကြောင့် ဖြစ်ပေါ်လာတဲ့ impact load ကို ထည့်မတွက်ထားပါ။ (လိုသည်။ သို့သော် ခန ချန်၍ စဉ်းစားကြည့်သည်)

Steel member ရဲ့ grade ကို SS400 လို့ ယူဆထားပါတယ်။ (တရုတ်ကလာပြီး မြန်မာစျေးကွက်မှာ အများဆုံး ရှိနေတဲ့ အမျိုးအစားပါ)

Etabs version 9.7.1 ကို အသုံးပြုပြီး analysis လုပ်ကြည့်တဲ့အခါ...

အဖြေက... ...

- အလယ်အကျဆုံး တိုင်တွေ fail (ပြိုကျ) ပါတယ်။
- အပြင်တန်း အလယ်တိုင်တွေ almost fail (ပြိုကျလု) အခြေအနေကို ပြပါတယ်။ (Boom pump က ကွန်ကရစ်ကျလာတာနဲ့ impact load ဝင်ရင် သေချာပေါက် fail ပါ။
ကျန်တဲ့ Beam,တွေ အိုခေတယ်။

Etabs က အဖြေကို ခနထားလို့ လက်တွက်နဲ့
ထပ်စစ်ကြည့်တယ်... ...

ပထမဆုံး...
column ရဲ့ Slenderness ratio ဖြစ်တဲ့ KL/r ဟာ 200 ကျော် မကျော် စစ်ကြည့်မယ်

K = 2.1 (AISCM table C-C2.2 မှ)
L = 144'' (12ft)
r = 1.1171 (weak axis ဘက်)

So,
KL/r = (2.1 x 144)/1.1171 = 270.7

ဆိုတော့ ခွင့်ပြုတန်ဖိုး 200 ထက်များနေတယ်။

နောက်တစ်ခု...

Axial load ကြောင့် တိုင် ကွေး မကွေး စစ်ကြည့်မယ်... ...

Critical buckling load = Pe
Modulus of elasticity E = 29000000 psi
Moment of inertia I = 7.0366 in4 (weak axis)
Langth of column = 144 in
Effective length factor K = 2.1

Pe = π π EI/(KL)2 = 22.02 kips

အလေးချိန် 22.02 kips ထက် ပိုသက်ရောက်ခံရတဲ့တိုင်တွေ ကွေးညွတ်ပါမယ်။

Etabs က ထွက်လာတဲ့ Axial load တွေအလိုအရ...
အလယ်တိုင်တွေမှာ အများဆုံးဖြစ်ပြီး အစွန်ကထောင့်တိုင်တွေမှာ အနည်းဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။

အများဆုံး load ဖြစ်တဲ့ 29.2 kips ကျရောက်တဲ့ အလယ်တိုင်တွေ ကွေးညွတ်ကျပါမယ်။

(တကယ်တန်းမှာ အဲလို အလယ်တိုင်တွေ ညွှတ်ကျတာနဲ့ သူနဲ့ ချိတ်ဆက်ထားတဲ့ ယက်မတွေရဲ့ ဘေးတိုက်ဆွဲအားကြောင့် ကျန်တဲ့ နီးစပ်ရာတိုင်တွေလဲ ပြိုလဲ ကျမှာ ဖြစ်ပါတယ်)

ဒါဟာ column size 10''x5'' နဲ့ ယူဆထားတာပါ။
သူ့ထက် ဆိုဒ်သေးရင် ပိုဆိုးပါမယ်။

နောက်တစ်ခုက...
Boom pump က ကျလာတဲ့ impact load ဟာ ကြောက်စရာ အလွန်ကောင်းပါတယ်။
အဆောက်အဦးတွေရဲ့ formwork ကို design လုပ်တဲ့အခါ အဲဒီ impact load ကို ထည့်တွက်ထားမှ စိတ်ချရပါမယ်။
ခုပြိုကျရတဲ့ အကြောင်းရင်းထဲမှာ ဒီ impact load ရဲ့ စနက်လည်း မသေးဘူး။

Pump က ကျလာတဲ့ ကွန်ကရစ်တွေကို တနေရာထဲ အများကြီး ပုံထားပြီး ပြီးမှ ဆွဲဖြန့်တာမျိုး ရှောင်ရှားသင့်ပါတယ်။
(Formwork ကို design လုပ်စဉ်က slab ပေါ် ကျမယ့် load ကို အဲ့လောက် အပုံလိုက်ကြီး ဘယ်သူမှ ထည့်တွက်မထားပါ)

Decking ပေါ်မှာ ကွန်ကရစ်လောင်းတာ ဖြစ်သော်ငြား၊ steel beam တွေအောက်မှာ ငြမ်းထောက် ထောက်ပေးသင့်ပါတယ်။
ယေဘုယျအားဖြင့် ထောက်စရာ မလိုအပ်ဘူးလို့ ယူဆနိုင်ပေမယ့် ကိုယ့်ဘက်က သေချာအောင် လုပ်တာ အကောင်းဆုံးပါ။

မန္တလေးမှာ မျက်မြင်တွေ့နေတာကတော့....
Structural steel နဲ့ ဆောက်တဲ့ အဆောက်အဦးတွေဟာ unbraced frame တွေချည်းပဲ။
ဖြစ်နိုင်ရင် Braced frame နဲ့ ဆောက်ဖို့ အကြံပြုချင်ပါတယ်။

ကိုယ်တိုင် မကြီးကြပ်နိုင်ရင် အိမ်ဆောက်မိန့်မှာ လက်မှတ် အငှါးမထိုးကြပါနဲ့လို့ တိုက်တွန်းပါရစေ။
ဘာမှမဖြစ်ရင် ဘာမှ မဖြစ်ပါ။
ဖြစ်ရင် 'မော်စကို' ရောက်ပါမယ်၊ ဘယ်သူမှ မကယ်နိုင်ပါ။

မန္တလေးစျေးကွက်မှာက ပစ္စည်းဝယ်ရတာ ပြသနာ ရှိတယ်။

Structural steel တွေရဲ့ size တွေက...
3''x6''
4''x8''
5''x10''
6''x12''
7''x14''
စသဖြင့်သာ ဝယ်လို့ ရတယ်။
Flange ရဲ့ဗျက်ထက် Web ရဲ့ အမြင့်က ၂ ဆ၊ ဒါပဲ။
ကျန်တာလိုချင် ရန်ကုန်ကို မှာ။

အဲ့ဒီ size တွေက beam အတွက် အဆင်ပြေပေမယ့် column အတွက် ကျ ပြသနာ ရှိလာတယ်။

သူ့ရဲ့ strong axis နဲ့ weak axis ရဲ့ geometry က ကွားခြားမှု များလွန်းတယ်။
Column မှာကျ အားနည်းတဲ့ဘက် ကွေးကျသွားရော။
Column မှာ သုံးမယ့် section ဟာ axis ၂ ခု တန်ဖိုး မကွာခြားတဲ့ structural steel သာ ဖြစ်သင့်တယ်လို့ ယုံကြည်ပါတယ်။

ဥပမာ...
8''x8''
10''x10''
12''x12''... စသဖြင့်။

ချုပ်ပါမယ်...
အထက်မှာ ဖော်ပြခဲ့ ရေးခဲ့တာတွေဟာ ကျနော့် ယူဆချက် သက်သက်သာ ဖြစ်ပါတယ်။
ကျနော် တတ်သိသလောက် ဉာဏ်မီသလောက်သာ တွက်ချက်ထားတာ ဖြစ်ပါတယ်။
အလုံးစုံ မှန်သည်ဟု မဆိုလိုပါ။

ထောက်ပြ ဆွေးနွေးပေးကြပါ ခင်ဗျာ
.
.
.Credit
လေးစားစွာဖြင့် - သန်၄ကို

0 comments:

Post a Comment

Disqus Shortname

Comments system